အူအတက်က ဘယ်က စနာတတ်သလဲ
အူအတက် ဆိုတာက အူမကြီးရဲ့ ညာဘက်ခြမ်းမှာ တည်ရှိနေတဲ့ အစိတ်အပိုင်း ခပ်သေးသေးတစ်ခုပါ။ အရင်တုန်းကတော့ အူအတက်ဟာ လူတွေအတွက် မလိုအပ်တဲ့ အပိုအစိတ်အပိုင်းတစ်ခုလို့ ယူဆခဲ့ကြပေမယ့် ခုချိန်မှာတော့ ဒီအချက်ဟာ မှားယွင်းတယ်ဆိုတာကို သိပ္ပံဆိုင်ရာထောက်ပြမှုတွေ ရှိလာနေပါပြီ။
အူအတက်မှာ အညစ်အကြေးတွေ၊ အစာအကြွင်းအကျန်တွေ ပိတ်ဆို့တာ ဒါမှမဟုတ် ပိုးဝင်တာတွေ ဖြစ်နိုင်သလို ရောင်ရမ်းတာမျိုး၊ နာကျင်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလို ရောင်ရမ်းတာကို အူအတက်ရောင်တယ်လို့ ခေါ်ပါတယ်။ အူအတက် ရောင်တဲ့အခါ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးကုသမှုသမှုကို အချိန်မီ မရနိုင်ဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တာကြောင့်ပါ။
များသောအားဖြင့် ဗိုက်မခံမရပ်နိုင်အောင် နာခြင်း၊ အောင့်ခြင်းဆိုတာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဒါကြောင့် လူအများစုက အရေးပေါ်အခြေအနေ တစ်ခုအဖြစ် ရှုမြင်ခြင်းမရှိပဲ ပေါ့လျော့တတ်ကြပါတယ်။
အူအတက်ယောင်ယမ်းခြင်း အပါအဝင် အစာအိမ်ယောင်ယမ်းခြင်း၊ အူလမ်းကြောင်းဆိုင်ရာ ပြသာနာတွေ၊ ကာလကြာမြင့်စွာ ဝမ်းချုပ်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ အမျိုးသမီးကိုယ် ပိုးဝင်ခြင်း၊ ဓမ္မတာကြောင့် နာကျင်ခြင်း၊ သန္ဓေသား နေရာမှားတည်ခြင်း စတဲ့ ဖြစ်ရပ်တွေအားလုံးဟာ ဗိုက်အောင့်ဗိုက်နာစေတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပြီး အန္တရာယ်ရှိတဲ့ ပြဿနာတွေပါ။ အထက်ဖော်ပြပါ ကျန်းမာရေးပြဿနာမျိုးတွေဖြစ်နေချိန်မှာဖြစ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းတွေကို အလေးအနက်မထားမိတဲ့အခါ အချိန်မီ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းဆီ မသွားဖြစ်ပဲ ဘေးထွက်ဆိုးကျိုးတွေ ပိုကြုံရစေပါတော့တယ်။
ဒီစာစုမှာတော့ အူအတက်ယောင်တဲ့အခါမှာ ဘယ်လိုမျိုး ဗိုက်နာတတ်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အူအတက်ယောင်ယမ်းခဲ့ရင် ဝမ်းဗိုက်အလယ်တည့်တည့် (ချက်ပတ်လည်) မှာ စနာတတ်ပြီး နာလိုက် သက်သာလိုက် ဖြစ်နေတတ်ပါတယ်။
နာရီပိုင်းခန့်ကြာသော် အူအတက်တည်ရှိရာ ဝမ်းဗိုက်၏ ညာအောက်ဘက်၌ ကူးပြောင်းနာကျင်ကာ ဝေဒနာ ပိုဆိုးလာတတ်ပါတယ်။ ထိုနေရာကို ဖိမိလျှင်၊ ချောင်းဆိုးလျှင်၊ လမ်းလျှောက်လျှင် နာကျင်မှုကို ပိုဆိုးစေပါတယ်။ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ငွေ့ငွေ့လေး ဖျားခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ပွခြင်းများလည်း ခံစားရတတ်ပါတယ်။
တောက်လျှောက်နာနေရာမှ နာကျင်မှု ခဏပြေပျောက်သွားတဲ့အခါ ယောင်ယမ်းသော အူအတက်သည် ပေါက်ထွက်သွားခြင်းဖြစ်နိုင်ကာ ပိုမို စိုးရိမ်ရသော ဝမ်းဗိုက်အတွင်းပိုင်း ပိုးဆိပ်သင့်ခြင်းအဆင့်ကို ရောက်ရှိသွားတာ ဖြစ်နိုင်ပါတယ်။ ပိုးဝင်ယောင်ယမ်းမှုကြောင့် အူအတက်နဲ့ ပတ်လည်မှာ ပြည်အိတ်လည်း တည်တတ်ပါသေးတယ်။
အူအတက်ယောင်ယမ်းခြင်းရဲ့ အချို့အခြေအနေများတွင် ဝမ်းဗိုက်အတွင်းရှိ ပြည်တို့ကို နှစ်ပတ်ခန့် ပိုက်ဖြင့် ရှင်းလင်းဖယ်ရှား၊ ပိုးသတ်ဆေးပေးပြီးမှ အူအတက်ကို ခွဲစိတ်ဖယ်ထုတ်ရနိုင်သလို အချို့အရေးပေါ်အခြေအနေအရ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်သည့်အတွက် အူအတက်ကို လက်ငင်း ခွဲစိတ်ဖယ်ထုတ်ရတာမျိုးလည်း ရှိပါတယ်။
ဒါကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်တိုင်း သာမန်အခြေအနေတစ်ခုအဖြစ် ပေါ့လျော့ခြင်းမပြုပဲ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြသဖို့ တိုက်တွန်းပါရစေ။
Dr. MMT